International News

ယူရိုဇုန်၏စီးပွားရေး (၁၂) ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းထက် (၂) ဆ ရှိနိုင်သည်ဟု ဥရောပဗဟိုဘဏ်အကြီးအကဲ ပြောကြားခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းနှင့် လုပ်ငန်းများ ရုတ်တရက် ရပ်နားခဲ့ရခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ယူရိုဇုန်၏ စီးပွားရေးမှာ (၁၂) ရာခိုင်နှုန်းဖြင့် ကျဆင်းရန် အလားအလာ အလွန်များနေသည်ဟု ဥရောပဗဟိုဘဏ်၏ အကြီးအကဲဖြစ်သူ Christine Lagarde က သတိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ Euro Area၏ စီးပွားရေးမှာ ဘဏ္ဍာရေးအကျပ်အတည်းကာလကထက်  ပိုမိုကျဆင်းနိုင်မည့် အခြေအနေရှိနေကြောင်း၊ ၂၀၀၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကာလပြီးနောက် ယူရိုဇုန်၏ စီးပွားရေးမှာ (၄) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအတွင်းသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ ယခုအကျပ်အတည်းကြောင့် စီးပွားရေးကျဆင်းနိုင်မှုမှာ ယင်းထက် (၂) ဆဖြစ်နိုင်သည်ဟု ပြောဆိုနေကြခြင်းဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယူရိုဇုန်၏ စီးပွာရေးကျုံ့မှုသည် (၅) ရာခိုင်နှုန်းမှ (၁၂) ရာခိုင်နှုန်းအတွင်း ရှိနိုင်မည်ဟု ဥရောပဗဟိုဘဏ်က မျှော်မှန်းထားမှုနှင့် အတူဥရောပကော်မရှင်ကပြီးခဲ့သည့် မေလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်တွင် ယူရိုဇုန်၏ စီးပွားရေးကို(၈) ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ယခုနှစ်အတွက် mild scenario အဖြစ် ယူရိုဇုန်၏ စီးပွားရေး (၅) ရာခိုင်နှုန်းခန့် ကျဆင်းနိုင်မည်ဟူသော ခန့်မှန်းချက်ထားရှိခဲ့ခြင်းဖြစ်ပြီး၊ အမှန်တကယ်ရလာဒ်မှာအပျော့စား ထိခိုက်မှု ဖြစ်တန်စွမ်း (mild scenario) နှင့်အပြင်းစား ထိခိုက်မှုဖြစ်တန်စွမ်း (severe scenario) တို့အကြားတွင်ရှိမည်ဖြစ်ပြီး၊ စီးပွားရေးကျဆင်းမှုအခြေအနေသည် ကန့်သတ် ပိတ်ဆို့မှုအစီအမံများအား လျင်လျင်မြန်မြန်ဖြေလျှော့နိုင်မှုနှင့် စီးပွားရေးလုပ်ငန်းရပ်များပြန်လည် စတင်လုပ်ကိုင်နိုင်မှုတို့အပေါ်တွင် မူတည်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားပါသည်။

ယူရိုငွေကြေးအသုံးပြုသည့် single currency zone ၏ စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းနှင့် ပတ်သက်၍ Lagarde အနေဖြင့် အကောင်း မြင်ထားပြီး၊ အချို့နိုင်ငံများသည် ကပ်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြေရှင်းနိုင်ရေး ကြွေးမြီများပြားလာခြင်းများ ရှိသော်လည်း ၎င်းနိုင်ငံများ၏ ကြွေးမြီများမှာ အတိုးနှုန်းနိမ့်သည့်ကြွေးမြီများ သာဖြစ်သဖြင့် sustainable ဖြစ်ကြောင်း၊ အချို့နိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကျပ်အတည်းမှ ပိုမိုအားကောင်းစွာဖြင့် ပြန်လည်နိုးထလာနိုင်မည် ဖြစ်ကြောင်း၊ ရလာဒ်မှာ ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်ရေးရန်ပုံငွေအတွက် ရရှိနိုင်မည့်  “fiscal space”နှင့် ၎င်းနိုင်ငံများ၏ ထိခိုက်မှုအရှိဆုံးကဏ္ဍ များအား ကုစားမှု အပေါ်တွင်မူတည်မည် ဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။  

 

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: International News